မှန်ကန်တဲ့ အလင်းပေးမှု Correct Exposure ဆိုတာ….ခုခေတ်မှာတော့ ကင်မရာမှာပါတဲ့ အလင်းတိုင်းမီတာ light meter ဖြစ်ဖြစ်…စတူဒီယိုသုံး လက်ကိုင် ဟန်းဟဲမီတာhandheld meter က ဖတ်လိုက်တဲ့ အိတ်စပိုရှာတန်ဖိုး exposure value ကိုပြောတာပါ..
ဥပမာ… ဒီအချိန် ဒီနေရာမှာ အလင်းရောင်ဒီလောက်ပဲရှိလို့
ရှပ်တာ shutter က ဘယ်လောက်၊ aperture က ဘယ်လောက်ထားရင် သင့်တော်ပါတယ်ဆိုပြီး
တိုင်းတာပေးတာပါ။ အလွယ်ပြောရရင် အလင်းတိုင်းမီတာက
မြင်ကွင်းတစ်ခုလုံးရဲ့ မှန်ကန်တဲ့ အိတ်စပိုရှာကို အဖြူနဲ့အမဲကြား (18% gray) မီးခိုးရောင်လို့
ယူဆလိုက်ပြီး ဒီမီးခိုးရောင်အစစ် အမှန်အကန်ရနိုင်တဲ့
ရှပ်တာစပိဒ်နဲ့ အပါချာအကျယ်ကို တွက်ပေးလိုက်တာပါ။
အဖြူရောင်များတဲ့ မြင်ကွင်းမျိုးတွေ။ အမည်းရောင်များတဲ့
မြင်ကွင်းမျိုးတွေဆိုရင်တော့ အိတ်စပိုရှာမီတာမှားတတ်တာကို
နောက်ပိုင်းကျ ပြောပြပါမယ်။
အလင်းတိုင်းမီတာတွေ မပေါ်သေးတဲ့
ရှေးတုန်းကဆိုရင်တော့ လူ့မျက်စိနဲ့ဆုံးဖြတ်ပြီး
အလွတ်ကျက်ကြရတာပါ။ ဓာတ်ပုံမရိုက်တတ်ခင် ဒါကို
အရင်ကျင့်ရတာကိုက ပညာရပ်တစ်ခုပါ။
ဥပမာ။ ။ ကျွန်တော်တို့မြန်မာနိုင်ငံလို အပူပိုင်းဒေသမျိုးမှာဆိုရင် ဆန်နီ ၁၆ရူးလ် sunny 16 ruleဆိုတာကို ကျင့်ထားရပါတယ်။ ပြောချင်တာက ရှပ်တာစပိ ကို ကိုယ်ထည့်ထားတဲ့ ဖလင်ရဲ့ အေအက်စ်အေ ASA or ISO နဲ့ နီးစပ်တဲ့ တန်ဖိုးကို အရင်ထားရပါတယ်။ ဥပမာ ASA 100 ဖလင်ကို ထည့်ထားရင် ရှပ်တာ စပိဒ်ကို (၁၂၅)ပုံသေနဲ့.နေသိပ်ပြင်းရင် f16၊ ပုံမှန် နေသာနေရင် f11၊ မိုးအုံ့နေရင် f8၊ နေရိပ်ထဲမှာ f5.6၊ အိမ်ထဲမှာဆို f4…စသည်ဖြင့်အလွတ်ကျက်ကြရတာပါ။ အဲ အနောက်နိုင်ငံလို အေးတဲ့ ဒေသတွေဆိုရင် တစ်ပေါက်သို့ နှစ်ပေါက်ခန့် exposure 1stop or 2 stop ပိုဖွင့်ပေးရပါတယ်။ တစ်ပေါက်ဆိုတာက အပူပိုင်းမှာ နေပြင်းနေတဲ့အချိန် f16 ဆိုရင် အအေးပိုင်းမှာ ဘယ်လောက်နေပူနေပေမယ့် f11 လောက်ထားရတာကိုပြောတာပါ။ အက်ဖ်နံပါတ်နည်းရင် အပါချာပိုပွင့်ပြီး အလင်းပိုဝင်တယ်ဆိုတာ မမေ့ပါနဲ့။
အိတ်စပိုရှာက ဒါပြနေလို့ ဒါကပုံသေအမှန်ဂဏန်းပဲ ဆိုတာမျိုးမဟုတ်ပါဘူး။
ရှေ့တိုးနောက်ဆုတ် ညှိလို့ရပါတယ်။ တစ်ခုက ရှေ့တိုးရင်
တစ်ခုက နောက်ဆုတ်ပေါ့ဗျာ…။ ရှပ်တာ ပိုမြန်ရင် အပါချာ ပိုဖွင့်
(အက်ဖ် ဂဏန်းသေး)ပေး၊ ရှပ်တာ ပိုနှေးရင် အက်ဖ်ဂဏန်းကြီးပေး
(အပါချာပိုပိတ်ပေး)။
ဥပမာ။ ။ light meter ကတိုင်းလိုက်တဲ့ exposure value အမှန်က 250, f11 ဖြစ်နေပေမယ့် 500, f8 ဒါမှမဟုတ် 125, f16 လို့လဲ ပြောင်းသုံးရင်ရပါတယ်။
အလင်းတိုင်းတာနဲ့ပါတ်သက်လို့ ဒီဘက်ခေတ်မှာတောင် တစ်ခါတစ်လေ
ဓာတ်ပုံဆရာချင်းကြုံကြိုက်ရင် ခုရှိတဲ့အိတ်စပိုရှာ
ဘယ်လောက်လဲဆိုပြီး မျက်စိနဲ့ အလွတ်တိုင်း ရှပ်တာနဲ့ အပါချာ
ဘယ်လောက်ဖြစ်နိုင်တယ်ဆိုတာ တစ်ယောက်ချင်းပြော၊ ပြီးမှလိုက်မီတာ ဒါမှမဟုတ်
ကင်မရာက မီတာနဲ့ပြန်စစ်ပြီး လောင်းကြေးစားကြေး
ပြိုင်လေ့ရှိကြပါသေးတယ်။ ခေတ်ပေါ်ကင်မရာတွေမှာ ဒီဖန်ရှင်ပါလာတာ
ဟုတ်ပေမယ့် ဒါကိုလေ့ကျင့်ထားနိုင်ရင်တော့ အကောင်းဆုံးပေါ့။
အဖြူရောင်တွေအများကြီးပါတဲ့ မြင်ကွင်း (ဥပမာ။ ။
ဘုရားစေတီဖြူဖြူလေးတွေရှိတဲ့ ကုသိုလ်တော်ဘုရားလိုမျိုး၊
အနောက်တိုင်းမင်္ဂလာဆောင်က တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူ ၀တ်ထားတဲ့
သတို့သမီးလိုမျိုး)။
အမည်းရောင်အများကြီးပါတဲ့ မြင်ကွင်း
(ဥပမာ။ ။ ကြောင်နက်ကလေးတစ်ကောင် ဆိုဖာအမည်းကြီးပေါ်အိပ်နေတာ၊
လက်ဆွဲအိတ်အမည်းနဲ့ ဂျိမ်းစ်ဘွန်း၊ မီးသွေးသည် ကုလားကြီး
ကတ်တရာလမ်းမပေါ် လျှောက်သွားနေတာ)။
စတဲ့ စတဲ့ ပုံမှန်ထက် အဖြူကဲ၊
အမည်းကဲတဲ့ ရှုမြင်ကွင်းမျိုးကို ရိုက်မယ်ဆိုရင်
ဘယ်အိတ်စပိုရှာ မီတာပဲဖြစ်ဖြစ် မှားတော့တာပါပဲခင်ဗျာ….။
ဘာလို့လဲဆိုတော့
အပေါ်မှာ ပြောခဲ့သလိုပဲ အလင်းတိုင်းမီတာဆိုတာ မြင်ကွင်းကိုခြုံငုံကြည့်ပြီး
အဖြူအမည်း အားလုံးကို မီးခိုးရောင်ကသာအမှန်လို့ မြင်လိုက်တော့
အဖြူများတာကို ရိုက်ရင်
အဖြူသောဘာသောနားမလည်ဘူး..သူသိတာဂရေးဆိုတော့ကာ ဖြူတာအားလုံး
မှောင်မှောင်ကြီး ဖြစ်နေပြီး အမည်းများတာကိုရိုက်ရင် မည်းတာလဲ
သူနားမလည်.. ပုံမှန်သမျှ မီးခိုးရောင် ဖြစ်ရမယ်လုပ်တော့ အမည်းတွေက
ဖွေးစုတ်စုတ်ကြီး ဖြစ်သွားပါလေရောဗျာ….
အဲဒီတော့
စက်ပစ်စည်းရဲ့ ဆန်ဆာက ဘယ်လောက်ပဲကောင်းကောင်း လူကုရပါတော့တယ်။
လွယ်ပါတယ် အဖြူများတဲ့မြင်ကွင်းဆိုရင် မီတာဖတ်တဲ့အတိုင်းအတာထက်
အနည်းဆုံး အလင်း၁ပေါက် exposure 1stop over ပိုဖွင့်လိုက်ပေါ့ဗျာ…
အမည်းများတဲ့မြင်ကွင်းဆိုရင် မီတာဖတ်တဲ့အတိုင်းအတာထက် အနည်းဆုံး အလင်း၁ပေါက် exposure 1stop under ပိုပိတ်ပေး လိုက်ပေါ့ဗျာ ..။
ဥပမာ… ထုံးဖြူဖြူစေတီလေးရှေ့မှာ ဖိုးသူတော်တစ်ပါး
လန်ဒန်ခဲနေတာရိုက်ရင် လိုက်မီတာက ရှပ်တာ ၅၀၀ အပါချာ အက်ဖ် ၁၆
ပြနေရင် ရှပ်တာကိုပုံသေထား အပါချာကို အက်ဖ် ၁၁
လောက်ဖွင့်ချင်ဖွင့်၊ ဒါမှမဟုတ် အပါချာကို ပုံသေထား ရှပ်တာကို ၂၅၀
လောက်ရှော့လိုက်ရပါမယ်။
အဲ… မီးသွေးပုံထဲက
ချွတ်ကရားကို ရိုက်ရင်လဲ မှောင်တာ မဲတာတွေများနေတော့ မီတာကို
တစ်ပေါက်လောက် ပိုမှောင်၊ ပိုမဲ ပေးရမှာပေါ့ဗျာ…။
ဒီလောက်ဆိုရင်
ရှပ်တာနဲ့ အပါချာ လိုက်ဖက်ညီအောင်ညှိရင်
းအိတ်စပိုရှာမှန်အောင်ချိန်တာကို အကြမ်းဖျဉ်း သဘောပေါက်မယ်ထင်ပါတယ်။
နောက်ပိုင်းကျရင် အေအက်စ်အေ (သို့) အိုင်အက်စ်အို ASA or ISO နဲ့ ရှပ်တာအပါချာ ဘယ်လိုကစားပြီး လိုချင်တဲ့ မြင်ကွင်းရဲ့ ပြတ်သားမှုနယ်ပယ် Depth of Field (DOF) ကို ဘယ်လိုထိမ်းမလဲဆိုတာ ဆက်ဆွေးနွေးပါမယ်ခင်ဗျား။
…………………………………………………………………………………………………….